မိုင်းယန်းမြို့၌ ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝမြေသြဇာ ရောစပ်အသုံးပြုပုံ အသိပညာပေး လက်တွေ့သရုပ်ပြသ

မိုင်းယန်း ဇူလိုင် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း မိုးစပါးစိုက် ဒေသခံတောင်သူလယ်သမားများအား စပါးအထွက်နှုန်း တိုးတက်ရရှိစေရန်အတွက် ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝမြေသြဇာရောစပ်၍ အချိန်ကိုက် ထည့်သွင်းအသုံးပြုနည်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မိုင်းလွေကျေးရွာအုပ်စု ယန်းခိုင်ကျေးရွာ တောင်သူဦးအိုက်ဆမ်၏ မျိုးစေ့ထုတ်စံပြစိုက်ကွက်၌ ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းမှ ယူရီးယားမြေသြဇာ အချိုးကျအချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်စေရန်အတွက် တောင်သူများအား ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ စနစ်တကျရောစပ်အသုံးပြုပုံကို အသိပညာပေး လက်တွေ့သရုပ်ပြသပြီး ယန်းခိုင်ကျေးရွာ တောင်သူဦးအိုကဆမ်၏ ကွင်းအမှတ်(၅/၂)၊ လယ်(၂.၉၇)ဧက၌ စိုက်ပျိုးထားသော မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စံပြစိုက်ကွက်တွင် စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများတို့မှ ယူရီးယားနှင့်သဘာဝမြေသြဇာအရောအား သရုပ်ပြပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲသို့ မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များ၊ မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းထူး