တာချီလိတ်မြို့၌ ခရိုင်အဆင့် စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု သင်တန်းဖွင့်လှစ်

တာချီလိတ် ဇူလိုင် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက မယ်ယန်းကျေးရွာအုပ်စု၊ ရွှေချောင်းသာတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက ယနေ့မျက်မှောက် ခေတ်ကာလတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် သဘာဝဘေးအန္တရာယ်များ အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်လာချိန်တွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ရှေ့တန်းကျကျတုံ့ပြန်ရင်ဆိုင်ကြရမည့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့များနှင့် စိတ်ပါဝင်စားသူများကို ရှာဖွေကယ်ဆယ်ရေး ရေယာဉ်မောင်းသူတစ်ဦး အနေဖြင့် ရေယာဉ်ပဲ့ထိန်းမှု စနစ်သဘောတရားများကို နားလည်သိရှိပြီး စက်လှေမောင်းနှင်မှု စွမ်းဆောင်ရည် ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်းတွင် လေ့ကျင့်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် တာချီလိတ်ခရိုင်၊ မီးသတ်ဦးစီးဌာနသို့ စက်လှေ (၃) စီး လှူဒါန်းပေးသည့် ဦးစိုင်းစိုင်း (BM မေထန်ချိတ်) အား ခရိုင်လ.ဝ.က ဦးစီးမှူး ဦးမင်းနိုင်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို တာချီလိတ်ခရိုင်အတွင်းရှိ တပ်မတော်သား (၂) ဦး၊ ရဲတပ်ဖွဲ့ဝင် (၂) ဦး၊ မီးသတ်တပ်ဖွဲ့ဝင် (၁၃) ဦး၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင် (၆) ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် (၂) ဦး၊ စုစုပေါင်း သင်တန်းသား (၂၅) ဦးအား ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)