နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံး ထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော် ဇူလိုင် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံး ထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံး ထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံများကို ရွေးချယ်ခြင်း၊ ဒေသအလိုက်တည်ရှိသည့် မြေအမျိုးအစားအလိုက် သီးနှံပုံစံရွေးချယ်ခြင်း၊ ရေရရှိနိုင်သည့် နည်းလမ်းအလိုက် သီးနှံပုံစံရွေးချယ်ခြင်း၊ ရွေးချယ်ထားသည့် သီးနှံပုံစံအလိုက် မြေနေရာသတ်မှတ်ခြင်း၊ သတ်မှတ်ထားသည့် မြေနေရာအလိုက် သီးနှံရွေးချယ်ရန်နှင့်  စိုက်ချိန်၊ ရိတ်ချိန်များသတ်မှတ်ခြင်း၊ တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ ကုန်ကြမ်းများကို တစ်နှစ်ပတ်လုံး ထွက်ရှိရေး တိုးချဲစိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံကုန်ကြမ်းတွေ အချိန်မီရရှိစေရေးနှင့် တစ်နှစ်ပတ်လုံး ထွက်ရှိစေရေးအတွက် ရေမြေသဘာဝနှင့် ကိုက်ညီသည့် ဆီထွက်သီးနှံစိုက်ပျိုးခြင်းပုံစံ (Cropping Pattern) ရေးဆွဲဆောင်ရွက်ရမှာဖြစ်ကြောင်း၊  လယ်၊ ယာ၊ ကိုင်း/ကျွန်း၊ ဥယျာဉ်ခြံ၊ သစ်တော၊ တောင်ယာ၊ အခြား စသည့်မြေအမျိုးအစားအလိုက် မိုးကောင်းသောက်၊ ဆည်ရေ၊ ရေတင်စသည့် ရေရရှိမှုနည်းလမ်းများကို အခြေခံပြီးရေးဆွဲရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ သီးထပ် စွမ်းအားများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှသာလျှင် သီးနှံစိုက်စွမ်းအားများ တိုးတက်လာမှာဖြစ်ကြောင်း၊ တောင်သူအသိပညာပေး စင်တာများတွင် စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက နေပြည်တော်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းများ တစ်နှစ်ပတ်လုံးထွက်ရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံပြောင်းလဲ စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ တစ်နှစ်သုံးသီး စိုက်ပျိုးမည့် အစီအမံများ၊ စီမံကိန်းလျာထားချက်များ၊ ဆီထွက်သီးနှံ တစ်နှစ်ပတ်လုံး ကုန်ကြမ်းရရှိရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ၊ မျိုးသန့် မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ဆည်ရေလှောင်တမံများအလိုက် ရေဝင်ရောက်မှု အခြေအနေများ၊ ရေအလေအလွင့်ဆုံးရှုံးမှု နည်းပါးစေရေး၊ စိုက်ပျိုးရေ ပြည့်ဝစွာရရှိရေး၊ စိုက်ပျိုးရေ ရရှိနိုင်မည့် နည်းလမ်းများဖြင့် ဆောင်ရွက်နေမှုအခြေအနေများ၊ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)