ဘီးလင်း ဇူလိုင် ၂၂
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အ.ထ.က (နှင်းပုလဲ) ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခိုင်မွန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်၊ အ.ထ.က (နှင်းပုလဲ) ကျောင်းအုပ် ဆရာကြီး ဦးအောင်မျိုးဝင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများထံသို့ ပျိုးပင်များလွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် သစ်ပင်စိုက်ပျိုးပွဲကိုကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက မန်ဂျန်ရှားပျိုးပင် (၁၅၀) ကို အ.ထ.က (နှင်းပုလဲ) ကျောင်းဝန်းအတွင်း၌ အေးချမ်းပျော်ရွှင်စွာ စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးခိုင်မွန်က ကျောင်းသား၊ ကျောင်းသူများအား ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်များစိုက်ပျိုး ပြုစုထိန်းသိမ်းရေး၊ သစ်တောများပြုန်းတီးရခြင်း အကြောင်းအရင်းနှင့် ထိန်းသိမ်းကာကွယ်ရေးအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြိုနယ် (ပြန်/ဆက်)