တံတား ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူများစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကိုယ်ပိုင်သီးသန့် စာဖတ်ချိန်ရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာရာရေးဆရာအောင်သင်းရေးသားသည့် “ကိုယ့်ကိုကိုယ်ပြဋ္ဌာန်းခြင်း” စာအုပ်ဖြင့် ယနေ့နံနက် (၉) နာရီတွင် (Youth Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် (Youth Club) အဖွဲ့ဝင် ကျောင်းသားမောင်ထက်လင်းကိုက “ကိုယ့်ကိုကိုယ်ပြဋ္ဌာန်းခြင်း” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် “ပြဋ္ဌာန်း” ဆိုသည်မှာ “ဥပဒေ” ဟုသတ်မှတ်ကြောင်း၊ တစ်နည်းအားဖြင့် လူအများစုလိုက်နာရန် သတ်မှတ်ထားသော စည်းကမ်းဖြစ်သောကြောင့် “ကိုယ့်ကိုကိုယ်ပြဋ္ဌာန်းခြင်း” ဟူသည် မိမိကိုယ်မိမိ သတ်မှတ်ထားသော စည်းကမ်းဥပဒေဟု အဓိပ္ပာယ်ရကြောင်း၊ ဘဝအတွက် ပြဋ္ဌာန်းချက်များတွင် အရေးကြီးသောအချက် (၃) ချက်မှာ ကျန်းမာရေး၊ ပညာရေး၊ ရိုးသားမှုတို့ဖြစ်ကြောင်း၊ ကျန်းမာရေးကိုစောင့်ရှောက်ရာတွင် မိမိကိုယ်ကို စိတ်ရောကိုယ်ပါကျန်းမာရမည်ဟု ကိုယ့်ကိုကိုယ်ပြဋ္ဌာန်းသင့်ကြောင်း၊ ပညာဆိုသည်မှာ ကြောင်းကျိုးသိမြင် ဆင်ခြင်ဆည်းပူးတက်သော အလေ့အကျင့်ကို ရရှိရန်ပင်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် လူငယ်လူရွယ်တို့အတွက် အရေးကြီးဆုံးသော ပညာဆည်းပူးခြင်းဖြစ်ကြောင်း၊ စာပေဖတ်ရှုဆည်းပူးခြင်းဝါသနာကို အလေးထားထူထောင်သင့်ကြောင်း၊ အချိန်အားလျှင် စာဖတ်မည်ဟူသော ပြဋ္ဌာန်းချက်ကို ခိုင်ခိုင်မာမာဆောက်တည်သင့်ကြောင်း၊ စာရိတ္တရိုးသားဖြောင့်မတ်ခြင်းဖြင့် ဘဝကိုတည်ဆောက်သွားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် (Youth Club) အဖွဲ့ဝင် မအိမ့်ပွင့်အောင်မှ “တာဝန်သိစိတ် တာဝန်ယူစိတ်” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးရာတွင် “တာဝန်” ဟူသည် လူအများစုပေါင်း၍ လုပ်ကိုင်မှုဟူသမျှတွင် စည်းကမ်းဟူ၍ သတ်မှတ်ထားသော လုပ်ဆောင်မှုကို တာဝန်ဟုသတ်မှတ်ကြောင်း၊ လူမှုအသိုက်အဝန်းတွင် မလွဲမသွေထမ်းဆောင်ရသော လူမှုရေးတာဝန်များကိုမူ “ဝတ္တရား” ဟု သတ်မှတ်ကြောင်း လူ့ပတ်ဝန်းကျင်တွင် ကိုယ်ဆီကိုယ်ငှ လူတိုင်းကျင့်သုံးရမည်ဟု သတ်မှတ်ထားသော တာဝန်ဝတ္တရားများကို “ကျင့်ဝတ်” ဟု ခေါ်ဆိုကြောင်း၊ လူ့အဖွဲ့အစည်းတွင် လိုက်နာရသောစည်းကမ်း၊ ထမ်းဆောင်ရသောတာဝန်ဟူ၍ရှိရာ မိမိတို့၏ တာဝန်နှင့်ဝတ္တရားများကို သတိကြီးစွာ အလေးထားစောင့်ရှောက်သင့်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း (ပြန်/ဆက်)