သထုံ ဇူလိုင် ၂၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့မွန်းလွဲပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စွမ်းရည်ပြိုင်ပွဲများတို့ကို ပြုလုပ်ခဲ့ကြသည်။
အသိပညာပေးဟောပြောရာတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသူကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာ စာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟောပြောဆွေးနွေးသည်။
ယင်းနောက် စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးရာ (မော်ကျော့) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အရုပ်ဆက်၊ စကားပုံဆက်၊ ဆေးရောင်ခြယ်၊ ပန်းချီဆွဲနှင့် စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများကို တပျော်တပါးပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာစောင်များ၊ ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)