ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်တွေ ဇူလိုင်၂၂

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးဦးစီးကော်မတီနာယက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်းတွင်ရှိသည့် သံဃာတော်အရှင်သူမြတ်များ ပရိယတ္တိ၊ ပဋိပတ္တိအကျင့်များ ပိုမိုကျင့်ကြံကြိုးကုတ်အားထုတ်နိုင်စေရန်အတွက်လည်းကောင်း၊ ဗုဒ္ဓသာသနာတော် ရေရှည်တည်တံ့စေရန်အတွက်လည်းကောင်းရည်ရွယ်၍ နှစ်စဉ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း၊ ယခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ သံဃဝန်ဆောင်ဆရာတော်များ၊ ဩဝါဒစရိယဆရာတော်များ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကို ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် လုပ်ငန်းလိုအပ်ချက်များရှိပါက ဦးစီးကော်မတီသို့ အချိန်မီတင်ပြပေးရန်နှင့် ဦးစီးကော်မတီအနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် ပြောကြားသည်။

ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး၊ သာသနာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ လုပ်ငန်းကော်မတီအလိုက် ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့က မိမိတို့လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြရာ ဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ် =အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)