တောင်တွင်းကြီးမြို့နယ် ဝက္ကသေးကျေးရွာတွင် စာကြည့်တိုက် အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းများဆောင်ရွက်

တောင်တွင်းကြီး ဇူလိုင် ၂၂

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသည့်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဝက္ကသေးကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်နိုင်ရေး၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးမြလင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်နှင့် တာဝန်ရှိသူများက  တောင်တွင်းကြီးမြို့နယ် ဝက္ကသေးကျေးရွာရှိ ကျေးရွာ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍  နိုင်ငံတော်မှ မတည်ငွေနှင့် ကျေးရွာအတွင်းရှိ စေတနာရှင်၊ အလှူရှင်များ စုပေါင်းကာ  စာကြည့်တိုက် အဆောက်အဦသစ် အမြန်ဆောက်လုပ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး (ပြန်/ဆက်)