ကျောက်ဆည် ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာတွင် အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ယိမ်းယိုင်နေသည့် ဓာတ်တိုင်များအား တည့်မတ်ခြင်း၊ လျော့ကျနေသည့် လျှပ်စစ်ကြိုးများအား ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက ရပ်ကွက်(၁) ရပ်ကွက်နှင့် ကျေးရွာ(၂၄)ရွာမှ ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး လျှပ်စစ်ကြိုများနှင့် မလွတ်ကင်းသော သစ်ပင်၊သစ်ကိုင်းများအား စနစ်တကျ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်၊ သစ်ကိုင်း ခုတ်ထွင်ရှင်းလင်းသော လျှပ်စစ်ဓာတ်အားလိုင်းသည် မြစ်သားမြို့နယ် ၃၃/၁၁ ကေဗွီ၊ ၂၀အမ်ဗွီအေဓာတ်ခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးနေသည့် ၁၁ ကေဗွီ ရေဝန်းဓာတ်အား လိုင်းဖြစ်ကြောင်းနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်းကြောင့် အဆိုပါဓာတ်အားလိုင်းမှ လျှပ်စစ်သုံးစွဲသည့် အသေးစား၊အငယ်စား လုပ်ငန်းရှင်များနှင့် ပြည်သူ (၃၀၉၂)ဦးတို့ လျှပ်စစ်မီး သုံးစွဲရာ၌ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရပြီး လုပ်ငန်းများကို မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးဆောင်မှုဖြင့် လိုင်းဝန်ထမ်းများက ခုတ်ထွင်ရှင်းလင်းခဲ့ပြီး ထွက်ရှိလာသော သစ်ပင်သစ်ကိုင်းများကို စနစ်တကျ စွန့်ပစ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)