ကျိုင်းတုံ ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “မွေးမြူရေးလုပ်ငန်းဆိုင်ရာ တောင်သူ သရုပ်ပြပွဲ”ကို လွယ်လုံကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်၊ မြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူနှင့် ဝန်ထမ်းများက လွယ်လုံကျေးရွာရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံပြည်သူများသို့ မွေးမြူရေးလုပ်ငန်းများဖြစ်သော ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးနည်း၊ နှမ်းဖတ်နှင့်ရောကျွေးနည်း၊ ဖွဲနုနှင့်ရောကျွေးနည်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် နေရာရွေးချယ်ခြင်း စသော အသိပညာပေးသရုပ်ပြခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မွေးမြူရေးဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲသို့ လွယ်လုံကျေးရွာမှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံပြည်သူ (၂၀)ဦး တက်ရောက်ခဲ့ကြကာ သရုပ်ပြဆောင်ရွက်မှုများကို စိတ်ဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်၊ ပြန်/ဆက်)