ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ဟိုပုံး ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီးနောက် တုံခမ်းကျောင်းတိုက် ဆရာတော် ဦးဥတ္တမက ဘုရားပင့်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍  ဘုရားအကျိုးတော်ဆောင် ဂေါပကအဖွဲ့တစ်ဦးမှ ဥပ္ပါတသန္တိကျမ်းမြတ် နာကြားရန် နတ်၊ ဗြဟ္မာများအား ပင့်ဖိတ်သည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာ‌တော်များအား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးကန်‌တော့၍ ဆရာတော်၊ သံဃာ‌တော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တုံခမ်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဦးအာလောက က ဩဝါဒကထာမြွက်ကြားသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးကမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တုံခမ်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဦးအာလောကအား အလှူတော်ငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အလှည့်ကျ ဘာဏကဆရာတော်မှ ဥပ္ပါတသန္တိကျမ်းမြတ်ကို စတင်ရွတ်ဖတ် ပူဇော်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဥပ္ပါတသန္တိကျမ်းမြတ်ကို ဇူလိုင်လ (၂၁) ရက်နေ့မှ ဇူလိုင်လ (၂၅) ရက်နေ့အထိ (၅) ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)