မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ကျေးရွာစာကြည့်တိုက်အပါအဝင် ဘက်စုံသုံးခန်းမ ပန္နက်တင်မင်္ဂလာအခမ်းအနားနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုးညှင်း ဇူလိုင် ၂၂

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းခေတ်မီစံပြကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အပါအဝင် ကျေးရွာဘက်စုံသုံးခန်းမ ပန္နက်တင်မင်္ဂလာ အခမ်းအနားနှင့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် (၁၈) ရက် နံနက် ၁၀ နာရီမှစတင်၍ အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

ဦးစွာ ကျေးရွာဘက်စုံသုံးခန်းမနှင့် ကျေးရွာစာကြည့်တိုက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပရာတွင် အလျားပေ(၆၀)၊ အနံ(၃၄)ပေနှင့် အမြင့် (၁၂) ပေရှိ ဘက်စုံသုံးခန်းမဆောင်ကိုလည်းကောင်း၊ အလျားပေ(၂၀)၊ အနံပေ(၂၀)နှင့် အမြင့်(၁၂)ပေရှိ စာကြည့်တိုက်ကိုလည်းကောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ သက်ဆိုင်ရာခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာကော်မတီဝင်တို့မှ သတ်မှတ်နေရာ အသီးသီးတွင် မင်္ဂလာပန္နက်ရိုက်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ မိုးရာသီးစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို အဆိုပါကျေးရွာရှိ အာနန္ဒာမဟာဗောဓိ စေတီတော်ဘုရားဝင်းတွင်ကျင်းပရာ ဘုရားကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တော ပြုန်းတီးခြင်းမှ ကာကွယ်စေရန်နှင့် လေကောင်းလေသန့်များ ရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်များပံ့ပိုးကူညီမှုဖြင့် အမြှင့်နှစ်ပေအထက်ရှိသော အရိပ်ရနှစ်ရှည်ပင်းများဖြစ်သည့် မန်ဂျန်ရှားပင်(၁၀၀)နှင့် စွယ်တော်ပင်(၁၀၀)စုစုပေါင်းပျိုးပင် (၂၀၀)ကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားများစုပေါင်း၍ သတ်မှတ်နေရာများ၌ တပျော်တပါးစိုက်ပျိုးခဲ့ကြပြီးနောက် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

ရွှေမိုးညှင်း