ကျောက်ပန်းတောင်း ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဝါဆိုလပြည့်ကျော်တစ်ရက်နေ့ဖြစ်သည့် ယမန်နေ့တွင် မွန်းလွဲ ၂ နာရီခန့်မှ စတင်၍ မြို့ပေါ်ရှိ ဘုရားပုထိုးစေတီများတွင် ဝါဆိုပန်းကပ်လှူသူများ၊ ဝါဆိုပေါက်ပေါက်ပန်း ကပ်လှူသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့၌ နှစ်စဉ်ဝါဆိုလပြည့်ကျော်(၁)ရက်နေ့ ရောက်တိုင်းမြို့ပေါ်မှ လူငယ်လူရွယ်များ၊ ကလေးငယ်များက အစုအဖွဲ့အလိုက်၊ မိသားစုအလိုက် ကားများ၊ ထော်လာဂျီများ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော်ဆိုင်ကယ်များ၊ စက်ဘီးများဖြင့် ဘုရားပုထိုးစေတီများသို့ လှည့်လည်သွားလာကြပြီး၊ ဝါဆိုပန်းဆက်ကပ်ခြင်း၊ ဝါဆိုပေါက်ပေါက် ကြဲပက်(ကပ်လှူ)ခြင်းများကို တပျော်တပါး ဆောင်ရွက်ကြကြောင်း သိရပြီး၊ မြို့ပေါ်ရှိ မြို့ဦးအောင်စေတီ၊ မဟာစေတီကြီးဘုရား၊ ကုန်းတော်ကြီး ဆုတောင်းပြည့်ဘုရား၊ ရှေးဟောင်းသမိုင်းဝင် မြရွှေဂူဘုရား၊ သက်တော်ရ/သက်တော်ရှည်ဘုရား၊ ကောင်းဒီတောင်ဆုတောင်းပြည့်ဘုရား အစရှိသည့် ဘုရားစေတီများမှ ဂေါပကများ၊ အကျိုးတော်ဆောင်များက အလှူရှင်များစုပေါင်း လှူဒါန်းမှုဖြင့် ဝါဆိုပန်း/ပေါက်ပေါက်ပန်း ကပ်လှူလာကြသူများအား မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ ဆန်ပြုတ်၊ လဖက်သုပ် အစရှိသည်တို့ဖြင့် ပြန်လည်ဧည့်ခံခြင်းများ ပြုကြလေ့ရှိရာ၊ ည(၇)နာရီခန့်အထိ အဆိုပါဘုရားပုထိုးစေတီများနှင့် မြို့ပေါ်တွင် ဝါဆိုပန်း/ပေါက်ပေါက်ပန်း ကပ်လှူရန်သွားလာကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)