နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် စပါးမျိုးများကို ပျိုးဗန်းများဖြင့် ပျိုးထောင်နေမှု၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ကာလမ်းဘေးနှစ်ဘက်တွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၁

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနရုံးဝင်းအတွင်း မိုးစပါးစိုက်ပျိုးရန် အတွက် ဧက ၅၀ စာ ဆင်းသုခ၊ ဧရာမင်းနှင့် ထိုင်းနှံကောက် စသည့် စပါးမျိုးများကို ပျိုးဗန်းများဖြင့် ပျိုးထောင်နေမှု အဆင့်ဆင်ကို သွားရောက်ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးရာတွင် နေပြည်တော် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဦးက စပါးမျိုးများကို ပျိုးဗန်းများဖြင့် ပျိုးထောင်နေမှု အဆင့်ဆင်နှင့် စိုက်ပျိုးပေးမည့် လယ်မြေများအရောက် လိုက်လံစိုက်ပျိုးပေးမည့် အခြေအနေများ၊ လယ်ယာသုံးစက်ကိရိယာများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည် တော်ကောင်စီဝင် ဦးမြင့်စိုးက တောင်သူများအားလုံး လယ်ယာသုံးကိရိယာများ အသုံးပြုလာစေရေးကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆောင်ရွက်ခြင်း လက်တွေ့ဆောင်ရွက်ပေးခြင်များကို အလေးထားဆောင်ရွက်စေလိုကြောင်းမှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်-မန္တလေးလမ်းဟောင်း ကာလမ်းဘေးနှစ်ဘက်တွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး ပြည့်မီစေရေး၊ ရေရည်ခိုင်ခံစေရေး အလေးထား ဆောင်ရွက်စေလိုကြောင်းနှင့် လမ်းဘေးဝဲယာရှိ လျှပ်စစ်လမ်းမီးတိုင်များ၊ တယ်လီဖုန်းကြိုးတိုင်များ၊ ရေဆိုးထုတ်မြောင်းများ ရေးစီးရေလာကောင်းမွန်းစေရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်အဖွဲ့သည် လယ်ဝေးမြိုနယ် သစ်ဆိမ့်ပင်ကျေးရွာအုပ်စုရှိ အဆင့်မြင့်လယ်ယာမြေဧက (၂၀၀) ရှင်းလင်းဆောင်၌ စိုက်ပျိုး ရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး YSR-1 မျိုးစေ့ ထုတ်စိုက်ခင်း ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲအခမ်းအနားသို့ တက်ရာက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက သီးနှံများ စိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း မြင့်မားပြီး ပန်းတိုင်အထွက်နှုန်းရရှိကာ တောင်သူများ ဝင်ငွေမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေများကို စနစ်တကျ သုံးစွဲခြင်း၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက်ထည့် သွင်းပေးခြင်းနှင့် ရိတ်သိမ်းရာတွင်အလေအလွင့် အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းနိုင်ရေးအတွက် စက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်ရေးကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆည်ရေးများကို အကျိုးရှိစွာ အသုံးချပြီး အလေအလွင့်မရှိစေရေး ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်အတွင်း လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် တောင်သူများက တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းလွင်က နေပြည်တော်အတွင်း စပါးအပါအဝင် အဓိကသီးနှံ ၁၀ မျိုး စိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများ၊ YSR-1စပါးမျိုးသည် ဧည့်မထ စပါးမျိုးအုပ်စုတွင်ပါဝင်သည့် စပါးမျိုးဖြစ်ပြီး သက်လျင်အထွက်နှုန်းကောင်းသည့် စပါးမျိုး ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးမှ စတင်ကာ မျိုးစေ့ပွားများ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ပြီး ဧက ၅၀၀ ကို စိုက်ပျိုးရန် ရည်မှန်းထားမှုကိုလည်းကောင်း၊ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး-၅ မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ဆည်ရေသိုလှောင်ထားရှိမှုနှင့် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများ၊ ဆည်ရေအသုံးပြသူ တောင်သူများ သိရှိလိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ ဆည်ရေရယူရန် နည်းစနစ်များ လယ်ကြားမြောင်းများ ဖောက်လုပ်၍ ဆည်ရေပေးဝေမှုကြောင့် တောင်သူလယ်သမားများအတွက် ရေကိုအညီအမျှ ရယူသုံးစွဲနိုင်ရေးနှင့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဦးက မိုးစပါးကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမည့် အခြေအနေများ၊ လယ်ယာသုံးစက်ကိရိယာများဖြင့် ဆောင်ရွက်ပေးနေမှု အခြေအနေနှင့် လယ်ယာသုံးစက် ကိရိယာများ အသုံးပြုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီးအရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တက်ရောက်လာသူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တောင်သူများနှင့်အတူ  သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ကွင်းအမှတ် (၁၈၂၃)၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄-၂၀၂၅ခုနှစ် မိုးစပါး YSR-1 မျိုးစေ့ထုတ်စိုက်ခင်း ၁၅ ဧကတွင် လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်တို့ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)