ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးစပါးစိုက်နည်းစနစ်(၃)မျိုး ကွင်းသရုပ်ပြပွဲတက်ရောက်

စစ်တွေ ဇူလိုင် ၂၁

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်နည်းစနစ်(၃)မျိုး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ စံပြစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်သည် မိုးများသည့်ဒေသဖြစ်သည့်အတွက် မိုးစပါးသီးနှံကို အဓိကထားစိုက်ပျိုးသော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါး၊ နွေစပါး စိုက်ပျိုးထုတ်လုပ်မှုအရ ပြည်နယ်၏ဒေသဝမ်းစာဖူလုံမှု ၁၄၃ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ဒေသစားသုံးခြင်းထက် ပိုလျှံမှုများကို ပြည်နယ်ပြင်ပသို့ တင်ပို့ရောင်းချနိုင်ရန် ဈေးကွက်ယှဉ်ပြိုင်နိုင်ရန်အတွက် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များရရှိရေးလုပ်ငန်းသည်လည်း ဦးစားပေးဆောင်ရွက်သင့်သည့်လုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ မိုးစပါးသီးနှံ စိုက်ဧကတိုးချဲ့ရန်အကန့် အသတ်များရှိနေသည့်အတွက် စိုက်ပျိုးသည့် ဧကများအပေါ် တစ်ဧကအထွက်နှုန်းတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရန်အတွက် စိုက်ပျိုးသည့်သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ မိုးစပါးသီးနှံ ပန်းတိုင်အထွက်နှုန်း တစ်ဧကလျှင် တင်း(၁၀၀)နှင့်အထက် ထွက်ရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ပန်းတိုင်းအထွက်နှုန်း ရရှိရေးအတွက် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များသုံးစွဲခြင်း၊ ကောင်းမွန်သည့် စိုက်ပျိုးနည်းစနစ်များ ရွေးချယ် ကျင့်သုံးခြင်း၊ ဓာတ်မြေ ဩဇာများကို သဘာဝမြေဩဇာများနှင့်စနစ်တကျ ရောစပ်သုံးစွဲခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ မြေပြုပြင် ထွန်ယက်ရေး၊ ရိတ်သိမ်းခြွေလှေ့ရေးများအတွက် စက်မှုလယ်ယာဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် မိုးစပါးကို ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကြိုးတန်းဖြင့်အတန်းလိုက်စိုက်ပျိုးခြင်း၊ နည်းစနစ်များကို တောင်သူများလက်တွေ့ လေ့လာနိုင် စေရန် ပညာပေးပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တောင်သူများအနေနဖြင့် စိုက်ပျိုးနည်းစနစ်များအလိုက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လိုက်နာရမည့်အချက်များ၊ ရှောင်ရန် အချက်များ၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို လေ့လာပြီး မိမိတို့စိုက်ပျိုးမည့် လယ်မြေများနှင့် ကိုက်ညီသည့် အကျိုးရှိနိုင်မည့် လုပ်ငန်းများကိုရွေးချယ်၍ လိုက်နာကျင့်သုံးရန်လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ အထွက်နှုန်းကောင်း၍ အရည်အသွေးပြည့်မီသော ထွက်ကုန်များရရှိလာပြီး ပြည်နယ်တွင်း ဖူလုံရုံသာမက ပြည်နယ်ပြင်ပသို့ တင်ပို့ရောင်းချခြင်း၊ ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခြင်းဖြင့် တောင်သူများဝင်ငွေတိုးပွား လာစေမည်ဖြစ်သည့်အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့ အစည်းအစည်းများ တောင်သူများ ပူးပေါင်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်ပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မိုးစပါးစိုက်နည်း စနစ်(၃)မျိုး ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးစပါးစိုက်နည်းစနစ်(၃)မျိုးဖြင့် သရုပ်ပြစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေအသုံးချရေး၊ မျိုးစေ့နှင့်သီးနှံကာကွယ်ရေး ပြခန်းအတွင်း မျိုးစပါး အမျိုးအစားများ၊ စိုက်ပျိုးရေးသွင်းအားစုများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုကြရာ စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် တောင်သူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးစနစ်မှန်ကန်ရေး၊ အထွက်နှုန်းကောင်းသော မျိုးစပါးများအား စိုက်ပျိုးနိုင်ရေးဆွေးနွေး ပြောကြားကာ ကောက်စိုက်လုံမေများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)