မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မန္တလေး ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရရမှုများ  ပြန်လည်စိစစ်ရေးကော်မတီကို ပြင်ဆင် ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်များ ပေးအပ်ပြီးဖြစ်ပါကြောင်း၊ တိုင်းကြားလာသည့်အမှုတွဲများနှင့် ဌာနအသီးသီးမှ ပြန်လည်စွန့်လွှတ်သည့်မြေများကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်သော ဥပဒေလုပ်ထုံး လုပ်နည်းများအတိုင်း တိကျမှန်ကန်စွာစိစစ်ဆောင်ရွက်ပြီး မူဝါဒများနှင့်အညီ ပြန်လည်ပေးအပ်သွားနိုင်ရေး အမြန်ဆုံးပြီးပြတ်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။]

ဆက်လက်၍လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ယခင်ကော်မတီက ဆောင်ရွက်ထားရှိမှု၊ ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ပြင်ဆင်ဖွဲ့စည်းပြီး နောက်ပိုင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဗဟိုကော်မတီသို့ တင်ပြတိုင်ကြားသည့် အမှုတွဲများ အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများက ရှင်းလင်းတင်ပြအကြံပြုကြရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးချက်များနှင့် အကြံပြုချက်များအပေါ် ပေါင်းစပ်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်