ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာသူများဖြင့် စည်ကား

ညောင်ဦး ဇူလိုင် ၂၁

ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာ ရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း ညောင်ဦးမြို့ ရွှေစည်းခုံးဘုရားဂေါပက တာဝန်ရှိသူများက ပြောကြားသည်။

ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် အခါကြီးရက်ကြီးမဟုတ်သည့် နေ့များတွင်ပင် ဘုရားဖူးများ အမြဲလာရောက်လျက်ရှိသည့် ဒေသဖြစ်ရာ အခါကြီးရက်ကြီး များနှင့် အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်၊ကျောင်းပိတ်ရက်များတွင် မိသားစုလိုက်သော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများနှင့်သော်လည်းကောင်း လာရောက် ဘုရားဖူးလျက်ရှိကြရာ ဝါတွင်းကာလအတွင်း အဖိတ်၊ ဥပုဒ်နေ့များတွင် နံနက်  ၄ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ ယနေ့ ဝါဆိုလပြည့် (ဓမ္မစကြာ)နေ့ နံနက် ၄ နာရီ အချိန်မှစတင်ကာ မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ ရွှေစည်းခုံစွယ်တော်မြတ်စေတီကြီးသို့ ဆွမ်းကပ်ရန်နှင့် တရားထိုင်၊ အန္တရာယ်ကင်းပရိတ်၊ ပဋ္ဌာန်းရွတ်ဖတ်ကြရန် ရောက်ရှိနေကြကြောင်း ရွှေစည်းခုံဘုရားရုံအဖွဲ့မှူး ဦးသန်းမြင့်ဦးမှ ရှင်းပြသည်။ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဂေါပကထားရှိသည့် ဘုရား (၁၈)ဆူအား ဝါတွင်းကာလ၌ နံနက် ၅ နာရီမှ ညနေ ၇ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ဝါဆိုလပြည့်နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ လာရောက်သူများပြားလျက်ရှိရာ မြင်းလှည်းအငှားလိုက်သူများ၊ E-Bike၊ မီနီအိုးဝေ၊ အငှားလိုက်သူများ၊ ပြည်တွင်းဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင်များ၊ လက်ရေးပန်းချီဆွဲသူများ အလုပ်အကိုင်များ ကောင်းနေကြကာ ဟိုတယ်၊ တည်းခိုးခန်းများတွင်လည်း ခရီးသွားဘုရားဖူးဝင် ရောက်မှုများပြားခဲ့ကြောင်း သိရသည်။

ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့တွင် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းဘေး တစ်လျှောက်ဖွင့်လှစ်ထားရှိသည့် အညာရိုးရာထန်းတဲများတွင်လည်း ဘုရားဖူးကားများ ပြည့်နေကြောင်း၊ ဘုရားဖူးလာဧည့်သည်များသည် သမိုင်းအထင်ကရဘုရားများသို့သာ သွားရောက်ဖူးမြှော်ကြသည်မဟုတ်ကြပဲ ဘုရားသုံးဆူ၊ လေးမျက်နှာဘုရား၊ သစ္စာဝတီ ဘုရား၊ ဝတ္တနထောဘုရားစု၊ ဆူးလေကုန်းဘုရား၊ ကျောက်မျက်မှော်ဘုရား၊ အရှေ့ဖက်လိပ် ဘုရား၊အနောက်ဖက်လိပ်ဘုရား၊ စိမ်းညက်ညီအစ်မဘုရား၊ သိကြားပုန်းဘုရား၊ သကြား ဟစ်ဘုရား၊ ခြောက်ဘုရားလှ၊ နန်းဦးဘုရား၊ နတ်လှောင်ကျောင်း၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဥပါဠိသိမ်၊ ရွှေလိပ်တူးဘုရားနှင့်လူသူ အရောက်အပေါက်နဲသည့် ဘုရားများသို့ ပြည်တွင်းဧည့်လမ်းညွှန်များ ငှားရမ်းကာ သွားရောက်၍ နံရံဆေးရေး ပန်းချီလေ့လာခြင်း၊ ရှေးဟောင်းအင်္ဂတောပန်းများ လေ့လာခြင်း၊ များပြားလှသည့်ဘုရားများအား ပုံစံမတူတည်ဆောက်ပုံများ လေ့လာကြကြောင်း ပြည်တွင်းဧည့်လမ်းညွှန် ဦးထက်တင်စိုးရှင်းပြသည်။ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဝါဆိုလပြည့်(ဓမ္မ စကြာ)နေ့တွင် ဘုရားဖူးအများအပြား ဝင်ရောက်ခဲ့ကာ ကျယ်ဝန်းပြီး ဘုရားစေတီ၊ ပုထိုးပေါများသည့် ပုဂံရှေးဟောင်းနယ်မြေတွင် နေရာတိုင်းဘုရားဖူးများရှိနေကြောင်း ပြည်တွင်းဧည့်လမ်းညွှန်များထံက သိရသည်။

ဒီပါလင်း