၂၀၂၄ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား မြို့တော်ခန်းမတွင် ကျင်းပ

မန္တလေး ဇူလိုင် ၂

၂၀၂၄ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရုံး၊ မြို့တော်ခန်းမတွင်ကျင်းပရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့မစိုးရိမ် တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇမဟာဓမ္မကထိ ကဗဟုဇနဟိတဓရဘဒ္ဒန္တဝါသေဌာဘိဝံသအမှူးပြုသောဆရာတော် သံဃာတော် ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြ။

ဦးစွာ အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော် သံဃမဟာနယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့မစိုးရိမ်တိုက် သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်ထံက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော် မူသည့်ပရိတ်တရား တော်များကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာ နယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်ကြီး ထံဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းကြပြီးနောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ၎င်းတို့၏ ဇနီးများနှင့် တက်ရောက်လာကြသူများက ဆရာတော် သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းကြ၍ အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီးနောက် နေ့ဆွမ်းများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်