သန်လျင်၌ ဝါဆိုလပြည့်(ဓမ္မစင်္ကြာအခါတော်နေ့ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိ

ရန်ကုန် ဇူလိုင် ၂၁

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း ယနေ့ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်၊ ကျိုက်ဒေးယျုံစေတီတော်၊ ကျိုက်ဗောဓိစေတီတော်၊ မွေးလွန်းရှင်စေတီတော်များတွင် ပန်း၊ ရေချမ်း၊ ဆီမီး၊ ရွှေသင်္ကန်းကပ်လှူပူဇော်သူများ၊ ရပ်ကွက်ကျေးရွာဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများတွင် ဥပုဒ်သီတင်းဆောက်တည်သူများ၊ ဝါဆိုသင်္ကန်း ဆက်ကပ်သူများဖြင့် စည်ကားလျက်ရှိသည်။

ထို့အတူ သန်လျင်ခရိုင် ကျောက်တန်းမြို့ ရေလယ်စေတီတော်တွင် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ(ပြန်/ဆက်)