တွံတေး ဇူလိုင် ၂၁
ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသဓာတုရွှေဆံတော်စေတော်မြတ်ကြီးတွင် ၁၃၈၆-ခုနှစ်၊ ရွှေဆံတော်စေတီ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော နေ့အထူးတရားပွဲ ဓမ္မသဘင်ပွဲနှင့် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) သီလပေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ရွှေဆံတော်စေတီမြောက်ဘက်စောင်းတန်းဘေးရှိ ဒေါ်ပု(ရွှေဆိုင်)+ချစ်တီး( ရွှေဆိုင်)တန်းဆောင်၌ သီလပေးတရားပွဲကျင်းပရာ လောကမှန်ကူ ကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မရိက္ခိတထံမှ ဥပုသ်သီလဆောက်တည်သူများ၊ ဌာနဆိုင်ရာ ဝတ်အသင်းများနှင့် ရပ်ကွက်ဝတ်အသင်းများက ကိုးပါးသီလ ဆောက်တည်ခံယူကြပြီး ဝတ်အသင်းများက ဓမ္မစကြာဒေသနာတော်ကို ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။ ယင်းနောက် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် သီလဆောက်တည်သူများ၊ ဘုရားဖူးလာပြည်သူအပေါင်းကို ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်းကာလဥပုသ်နေ့တိုင်း သုဓမ္မမဏီဇောတဓရ ဦးမင်းမင်းဇော်+ဒေါ်စန္ဒာစိန် (ရွှေစင်သိုက်) စိန်ရွှေရတနာရောင်းဝယ်ရေး မိသားစုမှ မတည်ကာ အလှူရှင်(၁၈)ဦးမှ အာဟာရဒါနများ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ နေလယ် ၁ နာရီတွင် နေ့အထူးတရားပွဲ မတည်အလှူရှင်(၁၂)ဦးက မတည်၍ ညောင်တံခါးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုမနာဘိဝံသမှ ဝါဆိုလပြည့်နေ့ (ဓမ္မစကြုအခါတော်နေ့)အကြောင်း တရားဒေသနာတော်များ ဟောကြားမည်ဖြစ်သည်။ ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ ၈ ရက်ဥပုသ်၊ လပြည့်၊ လကွယ်နေ့များတွင် ဘုရားဖူးပြည်သူများအနေဖြင့် ရွှေဆံတော်စေတီတော်စေတီဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ သီလခံယူ ဆောက်တည်နိုင်ရန် သီလခံယူပွဲများ စီစဉ်ထားမည်ဖြစ်ကြောင်း ရွှေဆံတော်ဘဏ္ဍာတော်ထိန်းဂေါပအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဥပုသ်နေ့တွင် သီလဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် အနယ်နယ်/အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
တွံတေးသား