ရန်ကုန် ဇူလိုင် ၂၀
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)အခမ်းအနားများကို ယနေ့နံနက် ၅ နာရီမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။ ရှေးဦးစွာရွှေတိဂုံစေတီတော်မြတ်ကြီးအားအရုဏ်ဆွမ်းတော်ကြီးဆက်ကပ်ပူဇော်ပွဲကိုစေတီတော်ရင်ပြင်ဧည့်ခံတန်ဆောင်း၌ကျင်းပရာဂေါပကအဖွဲ့ဝင်များ၊ဝန်ထမ်းများနှင့်ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။
ဆက်လက်၍ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ခမ်းအနားကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊တိုင်းဒေသကြီးဝန်ကြီးများ၊ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများက စိန်ရောင်ခြည်ဘုရားပင့် ဂါထာတော်ဖြင့်ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများအားဖိတ်ကြားခြင်း၊ တိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ဓမ္မစကြာအမွှမ်းဂါထာရွတ်ဆိုပူဇော်ခြင်း၊ပရိသတ်အပေါင်းတို့ကဓမ္မစက္ကပ္ပဝတ္တနသုတ်ပါဠိတော်ကိုရွက်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြသည်။
ယင်းနောက် စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ စတင်၍ ရွှေကြာ သင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကိုကျင်းပရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့်အလှူရှင်များက ဝါဆိုရွှေကြာသင်္ကန်းတော်များကို ကိုင်ဆောင်ကာ ရင်ပြင်တော်တစ်ပတ် လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး တိုင်းဒေသကြီးဝန်ကြီချုပ်နှင့်တာဝန်ရှိသူများသည် စေတီတော် ရင်ပြင် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ဘုရားကို ရွှေကြာသင်္ကန်းတော်ကို ကပ်လှူပူဇော်ကြပြီး တိုင်းဒေသကြီးဝန်ကြီးများနှင့်ဂေါပကအဖွဲ့ဝင်များက အာရုံခံတန်ဆောင်းမုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာ ဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားများ အား ဝါဆိုရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော် ကြသည်။
ထိုနောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် (ဓမ္မစကြာအခါတော်နေ့)ရေစက်ချ မင်္ဂလာခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ဩဝါဒါစရိယဆရာတော်ကြီးများနှင့်ပင့်သံဃာတော်များကြွရောက်တော်မူကြပြီး၊ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများတက်ရောက် ကြည်ညိုကြသည်။
အခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယမြသိန်းတန်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇာဂရထံမှ ဧည့်ပရိသတ်များက နဝင်္ဂသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက်ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အလှည့်ကျသဘာပတိဦးသောင်းစိန်ဦးကအဖွင့်မင်္ဂလာစကားလျှောက်ထားသည်။ ယင်းနောက်ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဩဝါဒါစရိယ၊အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ၊ဒွိပိဋကဓရ၊၀ိနယ ဒီဃနိကာယပါဠိပါရဂူ ဘဒ္ဒန္တနာဂိတထံမှလှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် ပကအဖွဲ့ဝင်များက ဩဝါဒါစရိယဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ယနေ့သည်ဗုဒ္ဓဘာသာဝင်တို့၏အထွဋ်အမြတ်ထားရာနေ့ထူးနေ့မြတ်ဖြစ်သည်နင့်အညီရွှေတိဂုံစေတီတော်မြတ်ကြီးတွင်လည်း ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပါသည်။
ထို့ပြင်ယနေ့ဝါဆိုလပြည့်နေ့မှစ၍ လပြည့်၊ လကွယ်နှင့် ဝါတွင်းကာလဥပုသ်နေ့များတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ဩဝါဒါစရိယဆရာတော်ကြီးများက အပတ်စဉ် သီလပေးတရားချီးမြှင့်မည်ဖြစ်ပါ၍ တရားနာကြွရောက်ကုသိုလ်ယူနိုင်ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)