တာချီလိတ် ဇူလိုင် ၂၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုရှိ တာကြန့်ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအတွက် စီစဉ်ဆောင်ရွက်ပေးသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဘက်စုံခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာစေရန် ဖွံ့ဖြိုးရေးလုပ်ငန်းများကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်ဌာနဆိုင်ရာများနှင့် မြို့မိ၊ မြို့ဖများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် တာလေမြို့ရှောင်လမ်းရှိ နမ့်လင်းချောင်းတံတား ချဉ်းကပ်လမ်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့သို့ ရောက်ရှိကာ မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်-မယ်ဟောက်ချောင်းရေအား နှစ်နိုင်ငံသာတူညီမျှ ရေစီးကြောင်းပြောင်းလဲမှုထိန်းသိမ်းရေး၊ ချောင်းကမ်းပါးတိုက်စား၍ နိုင်ငံတော်ပိုင်မြေဆုံးရှုံးမှုမဖြစ်စေရေးအတွက် ချောင်းအတွင်း မြန်မာဘက်ခြမ်း ကမ်းထိန်းလုပ်ငန်းဆောင်ရွက်မှုများ၊ မြန်မာ-ထိုင်း-လာအို ၃ နိုင်ငံ နယ်နိမိတ်များထိစပ်လျက်ရှိသည့် ရွှေတြိဂံ BRP-15 အနီး မဲခေါင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အလျား ၁၀၀၀ ပေနှင့် မြန်မာပိုင်မြေနုကျွန်း (မဲခေါင်မြစ်) အလျား ၅၁၀၀ ပေ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်အင်ဂျင်နီယာ ဦးဆလိုးဒေါလ်သန်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ပြီး တာချီလိတ်မြို့ ပုံလို့ကျိုက်ထီးရိုးတောင်ပေါ်ရှိ နဂါးရုံဘုရားအား ဖူးမြှော်ကြည်ညိုကာ ပုံလို့ဆရာတော် ဘဒ္ဒန္တပညာစာရအား ဝါဆိုသင်္ကန်းနှင့် ဝတ္ထုငွေများ ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)