မိုးညှင်း ဇူလိုင် ၂၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်းဝါဆိုသင်္ကန်းများနှင့်အတူ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းကို ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) နံနက်ပိုင်းက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်သံဃနာယက ဆရာတော်ကြီးနှင့် ပင့်ဖိတ်ဆရာတော်/သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြ၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ ဗုဒ္ဓပိယကျောင်းတိုက်ဆရာတော်ကြီးနှင့် ပင့်ဖိတ်ဆရာတော်/သံဃာတော်များ အမှုထား၍ ရတနာသုံးပါးကန်တော့ခြင်းနှင့် ငါးပါးသီလကို ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်/သံဃာတော်များက မေတ္တာသုတ်တရားတော်အား ချီးမြှင့်တော်မူပြီး ဝါဆိုသင်္ကန်းအတူ လှူဖွယ်ဝတ္ထုအစုစုတို့ကို အသီးသီးဆက်ကပ်လှူဒါန်းကြကာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ ယင်းလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြပြီးနောက် တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကြ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်သံဃနာယက ဆရာတော်ကြီးနှင့် ပင့်ဖိတ်ဆရာတော်/သံဃာတော် (၁၀)ပါးအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း