ပူတာအို ဇူလိုင် ၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား တွေ့ဆုံပြီး ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီက ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အမှာစကား ပြောကြားသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက ယခုနှစ်အတွင်း ပူတာအိုခရိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီးတွင် မြေပြိုပြီး လမ်းပျက်စီးမှုများရှိခဲ့သဖြင့် ပူတာအိုဒေသတွင် ကုန်ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဝန်ထမ်းများ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ပူတာအိုခရိုင်သည် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည့်ခရိုင်ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေးအတွက် တတ်နိုင်သည့်ဘက်မှ ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဒေသ၏အခက်အခဲများကို ရှင်းလင်းတင်ပြရာ ပြည်နယ်၀န်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ပန်နန်းဒင်မြို့နယ်ရုံးနှင့် မြို့ရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း(၃၀)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် ကျပ်သိန်း သုံးဆယ်ကို ထောက်ပံ့ပေးအပ်ရာ ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ ပူတာအိုခရိုင်အတွင်းရှိ ဝန်ထမ်းများက ပြည်နယ်ဝန်ကြီးအား ဂါရဝလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးက မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားကာ ဝန်ထမ်းများ၏လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)