မုဒုံ ဇူလိုင် ၂၀
ဝါဆိုလပြည့်(ဓမ္မစကြာနေ့)တွင် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘုရားစေတီကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်သူများ ကုသိုလ်ဒါနပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
ဝါဆိုလပြည့်နေသည့် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဆိုသော ထူးမြတ်သည့် ဂုဏ်ဒြပ်လေးရပ်အပြင် ဗုဒ္ဓမြတ်စွာဘုရားဖြစ်ကြောင်း ဝန်ခံသောနေ့ဖြစ်ခြင်း၊ တရားရတနာ၊ သံဃာရတနာစတင်ပေါ်ပေါက်လာသောနေ့၊ ပုထုဇဉ်ခရီးမှအရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံလာသောနေ့ဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏ဧဟိဘိက္ခုဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်း စသည့်ဖြင့် ထူးခြားဂုဏ်ဒြပ်ကိုးရပ်နှင့်အညီ ပြည့်စုံသော နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
အဆိုပါ နေ့ထူးနေ့မြတ်တွင် မုဒုံမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်၊ ကန်ကလေးစေတီတော်၊ အတောင်(၄၀၀)ပြည့် လျောင်းတော်မူဘုရားကြီး၊ ခပ်ရခပ်ယူထိုင်တော်မူဘုရားကြီး စသည့်တန်ခိုးကြီးဘုရားစေတီများ၌ ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များရွတ်ပွားပူဇော်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ကပ်လှူပူဇော်ခြင်း၊ ဘုန်းကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း စသည့်သူတော်ကောင်းတရားများအား စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြှော်ကြည်ညို၍ ကုသိုလ်ယူကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)