ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့၌ ကျိုက်မရောမြို့ ရှိဘုရားကျောင်းကန်များ၌ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား

ကျိုက်မရော ဇူလိုင် ၂၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ အထွက်အမြတ်ထားရာ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီးနှင့် ဘုန်းကြီးကျောင်းများ၌ ဝါဆိုလပြည့်နေ့အခါသမယ၌ ဝါဆိုသင်္ကန်းဆက်ကပ်သူများ၊ အလှူဒါနပြုသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများဖြင့်  အထူးစည်ကားများပြားလျက်ရှိသည်။

ဝါဆိုလပြည့် ဓမ္မစက်ကြာအခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမှုကုသိုလ်များဖြင့် ပြည့်စုံပြီး စိတ်နှလုံးကြည်နူးချမ်းမြေ့ဖွယ် အချိန်ကာလဖြစ်သည့်အတွက် ဘုရားကျောင်းကန်၊ စေတီပုထိုးများရှိရာ နေရာအသီးသီး၌ ဝါဆိုပန်းကပ်လှူသူ၊ သီလဆောက်တည်သူ၊ ဆန်၊ ဆီ၊ ဆေး၊ ဆားစသည့်လှူဖွယ်ဝတ္တူအစုစုတို့အား လှူဒါန်းကြသူများဖြင့် အထူးစည်ကားနေပြီး အစိုးရရုံးပိတ်ရက်သုံးရက်ဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကျိုက်မရောဆုတောင်းပြည့်ဘုရားကြီးနှင့် ထန်းပင်တန်းတို့၌ အပန်းဖြေအနားယူရင်း အလှဓာတ်ပုံရိုက်သူများဖြင့် စည်ကားသာယာလျက်ရှိကြောင်းရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)