နေပြည်တော် ဇူလိုင် ၂၀
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၆) ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် (၁၅၈) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီလိုဏ်တော်အတွင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးမိုး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများက စေတီတော်ကြီးလိုဏ်တော်အတွင်းရှိ ဗုဒ္ဓပဋိမာရုပ်ပွားဆင်းတုတော်များနှင့် စေတီတော်အရှေ့မြောက်ထောင့်ရှိ မဟာဆုတောင် ပြည့်ဘုရားကြီးအား ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပြီး ရုပ်ပွားတော်များအား မြသပိတ်တော်ဖြင့် ဆွမ်း၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေချမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထိုနောက် နေပြည်တော်၊ လယ်ဝေးမြို ပေါက်မြိုင်ကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဇာနေယျထံမှ နေပြည်တော်ကောင်စီဝင်များနှင့်၎င်းတို့၏ ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူ ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့်၎င်းတို့၏ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့တို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် စာချနာယကဆရာတော်မဟာဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကိတ္တိသာရထံမှဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်နှင့်တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)