မိုင်းယန်းမြို့၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မိုင်းယန်း ဇူလိုင် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒဓဇ “သာသနတက္ကသီဓမ္မာစရိယ၊ သဒ္ဒမ္မဇောတိကဓဇ၊ မဟာသဒ္ဒမ္မဇောတိကဓဇ”ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များရွတ်ဖတ်အပ်သော ပရိတ်တရားတော်များနာယူ၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းဖွယ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံစိရံတိဠတု” သာသနာပြုအဓိဌာန် သုံးကြိမ်ရွတ်ဆို ဆုတောင်း၍  အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မိုင်းယန်းခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး