မိုင်းပျဉ်းမြို့ အထကကျောင်း၌ ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဆောင်သစ်ပန္နက်တင် မင်္ဂလာအခမ်းအနားကို  ယမန်နေ့ ညနေ (၃) နာရီက အဆိုပါကျောင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.ကကျောင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက်မည့် (၁၄၀‌ပေ × ၃၀ပေ) ကွန်ကရစ်နှစ်ထပ်ကျောင်းဆောင်မြေနေရာတွင် ထေရဝါဒဘုန်းကြီးကျောင်းမှ ဆရာတော်သံဃာတော်များအား ပင့်ဖိတ်ကာ ကျောင်းထိုင်ဆရာတော်အရှင်သီရိဓမ္မထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ ဆရာတော်သံဃာတော်တို့က အန္တရာယ်ကင်းပရိတ်တရားတော်များကို မြွက်ကြားပေးတော်မူသည်။ ထို့နောက် ၎င်းကျောင်းဆောင်သစ်ဆောက်လုပ်မည့်မြေနေရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးစိုင်းထွန်းစိန်၊ မြို့နယ်ပညာရေးမှူးဒေါ်နန်းဟွမ်နွန်းနှင့် အ.ထ.ကကျောင်းအုပ်ဆရာမကြီးဒေါ်သီတာခိုင်တို့က ပန္နက်များရိုက်နှက်ပေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးစိုင်းထွန်းစိန်၊ မြို့နယ်ပညာရေးမှူးဒေါ်နန်းဟွမ်နွန်း၊ အ.ထ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်နှင့်ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)