သထုံမြို့၊ သုဝဏ္ဏဘူမိဆုတောင်းပြည့်နှီးဘုရားကြီး၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

သထုံ ဇူလိုင် ၂၀

မွန်ပြည်နယ်၊ သထုံမြို့ရှိ သုဝဏ္ဏဘူမိဆုတောင်းပြည့်နှီးဘုရားကြီးတွင် မြသပိတ်စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများနှင့် ဗုဒ္ဓဝေယျာဝစ္စကာရီသံဃာတော်များအား ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် မြသပိတ်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့စုပေါင်းကာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားအား သံဃာတော်အရှင်သူမြတ်များနှင့် တက်ရောက်လာသူတို့က နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သထုံမြို့၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက် ပဓာနနာယကဆရာတော် ပိဋကတ္တရပါရဂူ၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ သုမနာဘိဝံသထံမှ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တက်ရောက်လာသူအားလုံးတို့က သီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်အား နာယူခဲ့ကြသည်။

ယင်းနောက် သံဃာတော်များထံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာသူတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်များအသီးသီး ဆက်ကပ်လှူဒါန်းပေးကြပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သဒ္ဓမ္မဇောတိက ရာမကျောင်းတိုက်ဆရာတော်ကြီးထံမှ အနုမောဒနာ ရေစက်ချတရားတော်အား နာယူခဲ့ကြကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ပိတ်သိမ်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြသပိတ်စေတီတော် ဘဏ္ဍာတော်ထိန်း‌ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)