စဥ့်ကိုင် ဇူလိုင် ၂၀
မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ ထူးခြားသောနေ့ဖြစ်၍ မြတ်စွာဘုရားရှင်မြတ်၏ ထူးခြားသောဖြစ်စဉ်တို့ကို အာရုံပြုလျက် အနယ်နယ်အရပ်ရပ်၌ တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်သည့် ရတနာလာဘမုနိ ဆုတောင်းပြည့်မြွေဘုရားနှင့် ပေါ်တော်မူမြတ်စွာဘုရားတို့တွင် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) နံနက်ပိုင်းက ဘုရားဖူးပြည်သူများ၊ ကုသိုလ်ဒါနပြုကြသူများဖြင့် အထူးစည်းကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်)နေ့သည် အများပြည်သူများ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက် ဖြစ်သည့်အတွက် ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများသည် စဥ်ကိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်သော ရတနာလာဘမုနိဆုတောင်းပြည့်မြွေဘုရား၊ ပေါ်တော်မူမြတ်စွာဘုရား၊ အဓိဌာန်အောင်ကံကြီးမမြတ်စွာဘုရားများတွင် မိမိတို့၏မိသားစုစီးပွားရေး၊ လူမှုရေး၊ ပညာရေးများကို အဓိဌာန်ပြု၍ ဆုတောင်းခြင်းများ၊ အဓိဌာန်အောင်၍ အောင်ကန်တော့ပွဲ လာရောက်ကန်တော့သူများ၊ ဘုရားဖူးပြည်သူများအား စတုဒီသာကုသိုလ်ပြုသူများဖြင့် အထူးစည်းကားလျက်ရှိသည်။
ထို့အပြင် ရပ်ကွက်ကျေးရွာများအတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ ရပ်ကွက်အလိုက်ဓမ္မာရုံများတွင်လည်း စတုဒီသာဧည့်ခံကျွေးမွေး၍ ကုသိုလ်ယူသူများနှင့် သက်ကြီးဘိုး/ဘွား မိဘများ၊ ဒေသခံပြည်သူများသည် ဝါဆိုလပြည့်နေ (ဓမ္မစကြာ အခါတော်နေ့)၌ ဘုရားကျောင်းကန်သို့ သွားရောက်၍ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ တရားဘာဝနာပွားများ အားထုတ်ခြင်း၊ ကမ္မဋ္ဌာန်းတရားစီးဖြန်းခြင်းများအား စိတ်အေးချမ်းသာစွာ ကောင်းမှုကုသိုလ်ပွားများခြင်းဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)