အင်းစိန်မြို့နယ် လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီး)ဘုရား၌ ဝါဆိုလပြည့်နေ့၊ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ပွဲနှင့် ဘုရားဖူးပြည်သူများဖြင့် စည်ကား

ရန်ကုန် ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီး)ဘုရား၌ ဝါဆိုလပြည့်နေ့၊ဓမ္မစင်္ကြာ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့နံနက်(၇)နာရီက အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော လောကချမ်းသာအဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီး)ဘုရားရှိ ဂန္ဓကုဋိတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားအား “နုမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကြွရောက်လာသော ဧည့်သည်တော်များနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အဖွဲ့ဝင်များက ငါးပါးသီလ ခံယူဆောက်တည်ပြီးနောက် ဝတ်အဖွဲ့များမှ စိန်ရောင်ခြည်ဘုရားပင့်ဂါထာဖြင့် ဘုရားပင့်ကာ သမ္မာဒေဝနတ်ကောင်းနတ်များအား ပင့်ဖိတ်ခဲ့သည်။

ထို့နောက် ဝတ်အဖွဲ့များက ဓမ္မစင်္ကြာအမွန်း ရွတ်ဆိုပူဇော်ပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်များနှင့် ဝတ်အဖွဲ့များမှ စမ္မစင်္ကြာသုတ် ရွတ်ဖတ်ပူဇော်ပြီးနောက် ဝတ်အဖွဲ့များက ဆုတောင်းခြင်း၊ အမျှဝေခြင်း၊ သမ္မာဒေဝနတ်များကို ပြန်လည်ပို့ဆောင်ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့ကြသည်။

အဆိုပါ ကျောက်တော်ကြီးဘုရား၌ ဝါဆိုလပြည့်နေ့တွင် ပြည်သူများက ဘုရားသို့လာရောက်ဖူးမျှော်ကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)