ကျောက်ပန်းတောင်း ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဝါတွင်းကာလ၌ ရပ်ကွက်/ကျေးရွာအသီးသီးရှိ ဓမ္မာရုံများတွင် ဆွမ်းလောင်းပွဲများ ကျင်းပလေ့ရှိကြရာ၊ ယခုဝါတွင်းကာလ ပထမဆုံးဆွမ်းလောင်းပတ်အဖြစ် ယနေ့နံနက်(၆)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံများတွင် ဆွမ်းလောင်းလှူပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့တွင် မြို့ပေါ်နှင့် မြို့ဆင်ခြေဖုံးကျေးရွာများမှ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်း (၅၀) ခန့်မှ သံဃာတော်များ၊ ရှင်သာမဏေများသည်၊ ဝါတွင်းကာလ ဥပုသ်သီတင်းပတ်တိုင်း နံနက်(၅)နာရီခန့်မှစတင်၍ ဆွမ်း/ဆွမ်းဟင်းအလှူခံခြင်းများကို ရပ်ကွက်အလိုက် ဓမ္မာရုံများသို့ သွားရောက်အလှူခံကြခြင်းဖြစ်ပြီး၊ ရပ်ကွက်နေပြည်သူများက ဆွမ်းဟင်းများကို နယ်မြေအလိုက် အလှည့်ကျလောင်းလှူကြပြီး၊ ဆွမ်းကို အပတ်စဉ် ဝတ်မပျက် ကုသိုလ်ယူ လောင်းလှူလေ့ရှိကြကြောင်း သိရသည်။ ထိုသို့ လောင်းလှူကုသိုလ်ယူကြရာတွင် ရပ်ကွက်များ တစ်ရပ်ကွက်နှင့်တစ်ရပ်ကွက် အချိန်မတိုက်စေရန်အတွက် နံနက်(၅)နာရီမှစတင်၍ နံနက်(၈)နာရီခန့်အထိ တစ်နေရာနှင့်တစ်နေရာ မိနစ်(၃၀)ခန့် ခြား၍ ဆောင်ရွက်ကြခြင်းဖြစ်ရာ၊ အလှူခံပုဂ္ဂိုလ်များလည်း အဆင်ပြေစွာ လှည့်လည်အလှူခံနိုင်ကြပြီး၊ ရပ်ကွက်နေပြသူများလည်း စိတ်အေးချမ်းသာယာစွာ လောင်းလှူကုသိုလ်ယူနိုင်ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)