မိုင်းဖြတ် ဇူလိုင် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတိုက်ရှိ မင်္ဂလာသီရိဓမ္မာရုံ၌ စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒောဘာသထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များကို ချီးမြှင့်တော်မူခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၅၇)ကျောင်းမှ သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူငွေများကို ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒောဘာသက ဝါဆိုသင်္ကန်းလှူဒါန်းရခြင်း၏ အကျိုးကိုဟောကြားတော်မူခဲ့သည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေးခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယင်းနောက် မွန်းလွှဲ ၂နာရီတွင် မဟာဗောဓိစေတီကျောင်းတိုက်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ မကြွရောက်နိုင်သည့် သံဃာတော်အရှင်သူမြတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊အလှူရှင်များက ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူငွေများကို သွားရောက်ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)