နေပြည်တော် ဇူလိုင် ၁၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်အတွင်းရှိ သုခတော်ဝင်အိမ်ရာ တိုက်ခန်းများသာယာရေးအဖွဲ့ရုံး၌ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သုခတော်ဝင်အိမ်ရာရှိ ပြည်သူများအား ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးနှင့် တာဝန်ရှိသူများက ပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြားသည်။
ယင်းနောက် သုခတော်ဝင်အိမ်ရာ တိုက်ခန်းများသာယာရေးကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်နှင့် အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့က သုခတော်ဝင်အိမ်ရာ၌ ပြည်သူများနေထိုင်နေမှုများ၊ စည်ပင်သာယာရေးလုပ်ငန်းများနှင့် သောက်သုံးရေဖြန့်ဝေပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ အိမ်ရာအတွင်း အမှိုက်ကင်စင်ရေး၊ ပလတ်စတစ်ကင်စင်သည့် ဧရိယာဖြစ်စေရေးအတွက် ပလတ်စတစ်အစားထိုး ပစ္စည်းများ အသုံးပြုနိုင်ရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်စည်ပင်သာယာရေးကော်မတီ၊ (ရေးနှင့်သန့်ရှင်းမှု)အင်ဂျင်နီယာဌာန အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အိမ်ရာရေပေးရေးဝန်း သို့ရောက်ရှိရာ တာဝန်ရှိသူများက အိမ်ရာအတွင်း ရေပေးဝေနေမှု အခြေအနေများ၊ ရေစစ်ကန်လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အိမ်ရာအတွင်း ပြည်သူများ ရေသုံးစွဲမှုအခက်အခဲမရှိစေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာစီမံကိန်းအပိုင်း(၂) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည်ရှုစစ်ဆေးရာ တာဝန်ရှိသူများ လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေ၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးနှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)