ကျိုင်းတုံ ဇူလိုင် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်ဒုတိယအဆင့်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယမန်နေ့က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အမှာစကားပြောပြီး ပြည်နယ်အစိုးအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ပြည်နယ်လမ်းဦးစီးဌာန(ကျိုင်းတုံ)မှ ညွှန်ကြားရေးမှူး ဦးရဲလင်းတို့က မိုင်းပျဉ်း-တာကော် လမ်းပိုင်းအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသည့် ပြည်နယ်အစိုးအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဒုတိယအဆင့်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက တာကော်-မိုင်းပျဉ်း-ကျိုင်းတုံလမ်းပိုင်းတွင် ခရီးသည်မော်တော်ယာဉ်၊ ကုန်တင်ယာဉ်များ သွားလာမှုများပြားလာသည့်အတွက် လမ်းပိတ်ဆို့မှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှုချောမွေ့စေရေးဆွေးနွေးတင်ပြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက မိုးတွင်းကာလအတွင်း ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့အပြင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် တွဲဖက်ပြည်နယ်လမ်းဦးစီးဌာန (ကျိုင်းတုံ)ရုံး၌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်လမ်းတံတားတည်ဆောက်ရေး၊ သောက်သုံးရေရရှိရေး၊ ဆိုလာမီးရရှိရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများနှင့် ဝန်ထမ်းအိမ်ရာ၊ ပြည်သူ့အငှားအိမ်ရာဖော်ဆောင်ရေး ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည်။
ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ကျိုင်းတုံမြို့နယ်၊ ယန်းလောစံပြကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာတွင်းလမ်းခင်းကျင်းပေးနိုင်ရေး၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများအတွက် စီစဉ်ဆောင်ရွက်ပေးသည့် ငါးမွေးမြူရေးလုပ်ငန်းနှင့် ဝက်မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ဇူလိုင် ၁၉ ရက်တွင် လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျိုင်းတုံ-လွယ်မွေလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် လွယ်မွေဒေသ သောက်သုံးရေလုံလောက်မှုရရှိရေး လုပ်ငန်းများနှင့် ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်ကွဲ-လွယ်မွေ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လွယ်မွေစတုရဋ္ဌသုမင်္ဂလစေတီအား ဖူးဖျော်ကြည်ညိုကာ အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)