ကျိုင်းတုံ ဇူလိုင် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းဆတ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ ၂ နာရီက ကျိုင်းတုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပသည်။
ဟောပြောပွဲတွင် ကျိုင်းတုံ-မိုင်းဆတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ၊ သစ်တောများနှင့် ရေဝေရေလဲဒေသများထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ကျိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနောဆာဝူက သစ်တောများပြုစုထိန်းသိမ်းခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ် ကာကွယ်လျှော့ချရေးဆိုင်ရာ သိကောင်းစရာများ စသည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူ(၉၈)ဦးအား အသိပညာပေးဟောပြောခဲ့ပြီး သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)