တောင်ဥက္ကလာပ ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ လူငယ်များလူကုန်ကူးမှုအန္တရာယ် မကျရောက်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် ဒေါ်မြင့်မြင့်ဦးက လူကုန်ကူးခံရမှုအခြေအနေ၊ ဖြစ်ပွားလျက်ရှိသောလူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးခြင်းကြောင့် ရရှိနိုင်သောဆိုးကျိုးများ၊ သတိပြုရမည့်အချက်များ၊ လူကုန်ကူးမှုကျူးလွန်ပါက ကျခံရမည့်ပြစ်ဒဏ်များအကြောင်း အစရှိသည်ဖြင့် ဟောပြောခဲ့ပါသည်။
ဟောပြောပွဲအခမ်းအနားသို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရာက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ ရရှိစေမည့်စာအုပ်စာစောင်များ ပြသထားရှိရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)