မြောက်ဥက္ကလာပ ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာမရမ်းကုန်းခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟိန်းတို့မှ လတ်တလော ဖြစ်ပွားလျက်ရှိသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များနှင့် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြန်လည် ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ ဝဇီရာ (၉)လမ်းရှိ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပွားခဲ့သည့် နေအိမ်သို့ မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ မရမ်းကုန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ (င)ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး ရေကန်အား ကလိုရင်းဆေး ဖျန်းပေးခြင်းနှင့် ဆက်လက်ကူးစက်ပျံ့နှံ့မှုများမရှိစေရန် လိုက်နာရမည့်အချက်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။
မြမြဝင်း(ပြန်/ဆက်)