နမ့်စန်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

နမ့်စန် ဇူလိုင် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၂ နာရီခွဲက မြို့နယ်ကျောက်တိုင် အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အ.ထ.က - ခွဲ (၅ရပ်ကွက်)ဘောလုံးအသင်းနှင့် အ.ထ.က-ခွဲ(လွိုင်ငင်းကြီး) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က-ခွဲ(၅ရပ်ကွက်)ဘောလုံး အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အ.ထ.က - ခွဲ (၅ရပ်ကွက်) ဘောလုံးအသင်းနှင့် အထက(နမ့်စန်)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က-ခွဲ (၅ရပ်ကွက်) အသင်းက၅ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုပေးပွဲကိုဆက်လက်ကျင်းပခဲ့ရာ နေရာအလိုက် အကောင်းဆုံးဆုရ အားကစားသမားများနှင့် ပွဲစဉ်တလျှောက် အကောင်းဆုံးအားကစားသမားဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသော အ.ထ.က-ခွဲ(မြို့ဦး) အသင်း၊ ဒုတိယဆုရရှိသော အ.ထ.က-ခွဲ(လွိုင်ငင်းကြီး)အသင်း၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသော ပန်းပျိုးရတနာမြေကိုယ်ပိုင်အထက်တန်းကျောင်း အသင်းနှင့် ဒုတိယဆုရရှိသော အ.ထ.က(နမ့်စန်) ဘောလုံးအသင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက တစ်ဦးချင်းဆုဆွဲပြားများနှင့် ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုဆွတ်ခူးသွားသော အ.ထ.က-ခွဲ(၅ရပ်ကွက်) ဘောလုံးအသင်းကို နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်က တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ၊ ဆုငွေ (၃)သိန်း ကျပ်နှင့် ပထမဆုဖလားကြီး ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသားပြိုင်ပွဲတွင် ပထမဆုဆွတ်ခူးသွားသော အ.ထ.က-ခွဲ(၅ရပ်ကွက်) ဘောလုံးအသင်းကို အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ၊ ဆုငွေ (၅)သိန်း ကျပ်နှင့် ပထမဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သူရအောင်