ရပ်စောက်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရန် ရှာဖွေကယ်ဆယ်ရေးစုဖွဲ့ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်

ရပ်စောက် ဇူလိုင် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ဗထူးတပ်နယ်နှင့် ရပ်စောက်မြို့နယ် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးကြီးကြပ်မှုကော်မတီမှ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ်ရေးအသင့်စုဖွဲ့ထားရှိမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဗထူးတပ်နယ်အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးနှင့် တပ်နယ်မှအရာရှိကြီးများ၊ မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်ယာဉ်(၃)စီး၊ လူနာတင်ယာဉ်(၄)စီး၊ ရှင်းလင်းရေးယာဉ်(၅)စီး၊ သယ်ယူပို့ဆောင်ရေး ယာဉ်(၁၀)စီး စုစုပေါင်းယာဥ်(၂၂)စီးနှင့်ကယ်ဆယ်ရေးပစ္စည်းများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအသင့်စုဖွဲ့ထားရှိမှု အခြေအနေများကို စစ်ဆေး ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဖြိုးမင်းဦးဆောင်သော ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများ၊ ရှေးဦးသူနာပြုစုခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း တို့အား ဇာတ်တိုက်လေ့ကျင့်သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)