ရတနာပုံတက္ကသိုလ်၌ အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း (၁/၂၀၂၄)သင်တန်းပို့ချ

အမရပူရ ဇူလိုင် ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် သတ္တဗေဒဌာနတို့ ပူးပေါင်း၍ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စာတွေ့၊ လက်တွေ့စမ်းသပ်မှုပညာရပ်များအကြောင်း ကျွမ်းကျင်နှံ့စပ်စွာ သိရှိစေရန်နှင့် အသိပညာအတတ်ပညာပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်စေရေးတို့ကို ရည်ရွယ်ပြီး အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း(၁/၂၀၂၄)ကို ဇူလိုင် ၁၇ ရက်မှစတင်၍ အဆိုပါတက္ကသိုလ်ရှိ သတ္တဗေဒဌာန လက်တွေ့စာသင်ခန်းများတွင် သင်ကြားပို့ချခဲ့သည်။

သင်တန်းတွင် ငါးမွေးမြူရေးသမိုင်း၊ ငါးမွေးမြူရန်မြေနေရာရွေးချယ်ခြင်း၊ ကန်တူးဖော်ခြင်း၊ ငါးမွေးမြူနိုင်ရန် ကန်ပြင်ဆင်ခြင်း၊ စီးပွားဖြစ်မွေးမြူနိုင်သည့် ငါးမျိုးများရွေးချယ်ခြင်း၊ ငါးသားဖောက်ခြင်းနှင့် ငါးမှုန်/ငါးသန်ပြုစုမွေးမြူခြင်း စသည့် ပညာရပ်များကို မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသံချောင်း၊ နတ်ရေကန်စခန်း၊ သရက်ကုန်းစခန်း၊ ရေနံ့သာစခန်းတို့မှ တာဝန်ခံအရာရှိများနှင့် သင်တန်းနည်းပြဆရာများက (၁/၂၀၂၄)သင်တန်းကို ဇူလိုင်လ ၁၇ ရက်မှ ၁၈ ရက်အထိ သင်တန်းသား ၃၀ဦးအား စာတွေ့လက်တွေ့ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျသင်ကြားပို့ချခဲ့သည်။

ထို့အတူ (၂/၂၀၂၄)သင်တန်းကို ဇူလိုင်လ ၂၂ ရက်မှ ၂၃ ရက်အထိလည်းကောင်း၊ (၃/၂၀၂၄)သင်တန်းကို ဇူလိုင်လ ၂၅ ရက်မှ ၂၆ ရက်အထိလည်းကောင်း၊ (၄/၂၀၂၄)သင်တန်းကို ဇူလိုင်လ ၂၉ ရက်မှ ၃၀ ရက်အထိ ၃၀ ဦးစီဖြင့် စုဖွဲ့ထားသည့် သင်တန်းသား ၁၂၅ ဦးတို့အား ဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးသီဟ