တာချီလိတ် ဇူလိုင် ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ(၂၀၂၂)အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် “ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လူထုအခြေပြုရော်ဘာပြုပြင်ထုတ်လုပ်ရေးစင်တာများ တည်ထောင်ခြင်း” စီမံကိန်းအစီအစဉ်ဖြင့် လူထုအခြေပြု ရော်ဘာပြုပြင်ထုတ်လုပ်ရေးစင်တာ ဖွင့်လှစ်ခြင်းနှင့် တောင်သူများသို့ မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟာကျာမနူးကျေးရွာရှိ လူထုအခြေပြုရော်ဘာ ပြုပြင်ထုတ်လုပ်ရေးစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ရှမ်းပြည်နယ်၏ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာအား မိတ်ဆက်ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က မဲခေါင်-လန်ချန်း စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ၊ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာမြတ်သူက မြန်မာနိုင်ငံ၏ ရော်ဘာ စိုက်ပျိုးထုတ်လုပ်တင်ပို့မှုနှင့် အရည်အသွေးကောင်း ရော်ဘာထုတ်လုပ်ရေး အခြေအနေ များကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဦးစီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်ထက်က လူထုအခြေပြု ရော်ဘာပြုပြင် ထုတ်လုပ်ရေးစင်တာအား ရှမ်းပြည်နယ်တောင်သူများသို့ လွှဲပြောင်း ပေးအပ်ရာ တောင်သူ ဦးကျဟေမှ လက်ခံရယူပြီး ရှမ်းပြည်နယ်အတွင်း လူထုအခြေပြု ရော်ဘာပြုပြင် ထုတ်လုပ်ရေး စင်တာများ တိုးချဲ့တည်ထောင်ပြီး အစုအဖွဲ့နှင့် အရည်အသွေးကောင်း ရော်ဘာ ထုတ်လုပ်သည့်စနစ်ကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိကာ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်၊ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ၊ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာမြတ်သူ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ထက်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် လုပ်ငန်းရှင်/တောင်သူ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)