ပုံပါကျင်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပုံပါကျင် ဇူလိုင် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အမှတ်(၂၉)မူးယစ်ဆေး၀ါး တားဆီးနှိမ်နှင်း‌ရေးရဲတပ်ဖွဲ့နှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီခွဲက ပုံပါကျင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန အားကာမှူး ဒေါ်ခင်လပြည့်၀န်းက “ ကျောင်းသားနှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၂၉)မူးယစ်ဆေး၀ါးတားဆီးနှိမ်နှင်း‌ရေးရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ် လှဘုန်းက “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်၀န်းကျင်ထိန်းသိန်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးနှင့် ဒုတိယဦးစီးမှူး ဒေါ်ဇွန်ပွင့်ပွင့်ဖြူတို့က ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် ပလပ်စတစ်လျော့ချရေးဆိုင်ရာများကိုလည်းကောင်း အသီးသီးဟောပြောပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးမြင့်တင်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက ကျောင်းသား၊ ကျောင်းသူများကို Fitness Dance သင်ကြားပေးကာ တာဝန်ရှိသူတို့က အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပြသထားသည့် မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။။

အိအိဖြိုး (ပြန်/ဆက်)