ချမ်းမြသာစည်မြို့နယ်တွင် Biometric ကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ချမ်းမြသာစည် ဇူလိုင် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၃)ရပ်ကွက်ရှိ အမှတ်(၃၀) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က Biometric ကောက်ယူခြင်း လုပ်ငန်းနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်‌ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများ၊ အသက်(၁၀)နှစ်ပြည့်ပြီးသူနှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ (Biometric)ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပေးခြင်းနှင့် လူဦးရေစာရင်းများ ကောက်ယူပေးခြင်းတို့ကို မြေပြင်အရောက် ကွင်းဆင်း‌ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ရှင်းလင်း‌ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိကြသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီးနောက် Biometric ကောက်ယူခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့်ဝန်ထမ်းများ၊ အမှတ်(၃၀)အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ချမ်းမြေ့