ဒဂုံ ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း ပတ္တမြားခန်းမ၌ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၂) ဦးမြင့်အေးမှ အဖွင့်အမှာစကားနှင့် ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမင်းထက်မှ မီးဘေးအန္တရာယ် အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးမှ လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကိုလည်းကောင်း၊ စမ်းချောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးသိန်းလင်းအောင်မှ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားတွင် အားကစားမှူးမှ အားကစားပစ္စည်းများ ပေးအပ်ခဲ့ရာ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်ဥမ္မာထွေးမှ လက်ခံရယူခဲ့သည်။ အခမ်းအနားတက် ရောက်လာသူများကို ဝူရှူးအဖွဲ့၊ Fitness Dance အဖွဲ့များမှ ဧည့်ခံဖျော်ဖြေခဲ့ကြသည်။ သရုပ်ပြအဖွဲ့အား ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ပြီး တက်ရောက်သူ (၂၅၅) ဦးရှိကြောင်း သတင်းရသည်။
လဲ့လဲ့(ပြန်/ဆက်)