ဘီးလင်း ဇူလိုင် ၁၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အမျိုးသမီးအသင်း(Woman Club)၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်ပညာရေးဌာနတို့ပူးပေါင်း၍ စာရေးဆရာဦးတင်ဦး(ကျူရှင်)ရေးသားသည့် “အကောင်းမြင်နှင့်အမှန်တွေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေး မျိုးမျိုးစံက စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမျိုးသမီးအသင်း(Woman Club)အဖွဲ့ဝင် ဒေါ်မြင့်မြင့်ဝေက “စိတ်ကိုပျိုးထောင်ယူပါ ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ( Youth Club)အဖွဲ့၀င် ဒေါ်နန်းရတီလှိုင်က “အပြောနှင့်မနော” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် ဒေါ်မိုးသူဇာက “အကောင်းမြင်နှင့်အမှန်တွေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးချက်များ အပေါ် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊ လူရွယ်များ၊ စာဖတ်သည့် အလေ့အကျင့်ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)