ဒက္ခိဏသီရိမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇီဝလုံခြုံမှုသင်တန်းပေးပြီး မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းပေးခြင်းလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းစံပြုကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇီဝလုံခြုံမှုသင်တန်းပေးပြီး မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ SMU ခန်းမ၌ ဆောင်ရွက်သည်။

အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်ဝင်းထွန်း၊ ဦးစီးအရာရှိ ဒေါက်တာသန့်ဇော်နှင့် ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက မွေးမြူရေးခြံများတွင် ကူးစက်ရောဂါများ ကျရောက်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်စေရန်၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ရည်ရွယ်၍ ဇီဝ လုံခြုံမှုသင်တန်းပေးခြင်း၊ တိရစ္ဆာန်အမျိုးအစားအလိုက် ကျရောက်ဖြစ်ပွားတတ်သည့် ကူးစက် ရောဂါများ အကြောင်းနှင့် ကူးစက်နိုင်သည့် နည်းလမ်းများအကြောင်းကို အသီးသီးအသိပညာပေး ရှင်းလင်းပြောကြားကြားကြသည်။

ထို့နောက်အဆိုပါကျေးရွာအတွင်းရှိ တိရစ္ဆာန်မွေးမြူသူ ၅၀ ဦးတို့၏ မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖြန်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း ဒက္ခိဏသီရိမြို့နယ် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာထက်မမဖြိုးထံမှ သိရသည်။

 

ထွန်းထွန်းဝင်း (ပြန်/ဆက်)