နေပြည်တော် ဇူလိုင် ၁၉
၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် စားပွဲတင်တင်းနစ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်း အနားကို ယမန်နေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားသမားများနှင့်နည်းပြများ၊ အားကစားဝါသနာရှင်များ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်ဖြစ်သည့် ပျဉ်းမနားမြို့နယ် အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက်နေပြည်တော်ကောင်စီဝင်များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့က ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းနှင့် တတိယဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းတို့မှ အားကစားသမား များအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပထမဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)