ဥတ္တရသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် သစ်တော၊ သစ်ပင် ထိန်းသိမ်းရေးဆိုင်ရာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဥတ္တရသီရိ ဇူလိုင် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် သစ်တော၊ သစ်ပင်များ ထိန်းသိမ်းရေးဆိုင်ရာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သရက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန်၊ စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာပြီး စာကောင်းပေကောင်းများကို လေ့လာတတ်စေရန် “စာအုပ်စာပေလူ့မိတ်ဆွေ” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် ဥတ္တရသီရိမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်သိန်းထွဋ်က ကျောင်းသား၊ ကျောင်းသူများ သိသင့်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်းချက်များအား ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါဟောပြောပွဲသို့ သရက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)